ပွင့်ဖြူ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံမှု လျော့နည်းပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများနှင့် နေရပ်ပြန်လာ သူများရှိပါက စနစ်တကျ ထားရှိနိုင်ရေးအတွက် စီစဉ်ထားရှိရေးကိစ္စများ၊ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားနာမကျန်း လူနာများအတွက် အောက်ဆီဂျင်အခက်အခဲမဖြစ်စေရေး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကာကွယ်ရေးသုံးပစ္စည်းများ ခွဲဝေထောက်ပံ့ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ပိုးတွေ့အတည်ပြုလူနာများ ဆေးကုသပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်ဆောင်ရွက် သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့သည့် ပိုးသတ်ဆေးရည်ဘူး၊ ဆေးဖျန်းပုံး၊ မျက်နှာအကာ (Face Shield)၊ ကြွေဂျေးချွတ်ဆေးနှင့် ကော်ဖီမစ်ထုပ်များကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပိုးတွေ့အတည်ပြုလူနာများထားရှိသည့် Treatment Centre (၂)ခု တို့အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ရဲဝင်းနိုင် (ညောင်ဦး)