ကလေး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့နှင့်မင်းကင်းမြို့များမှ ပုံစံ(၈)ဝင် ကျွန်း၊ တမလန်း၊ ပိတောက်၊ အုပ်စု (၁) (သစ်လုံး/ခွဲသား)များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း ၉ နာရီ အချိန်က ကလေးခရိုင် သစ်တောရုံး တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လေလံတင်ကော်မတီဥက္ကဋ္ဌ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက အဖွင့်အမှာ စကားပြောကြားရာတွင် “ယခုလို လေလံတင်ရောင်းချခြင်းဟာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်တဲ့အတွက် လေလံပွဲကို တက်ရောက် လာကြတဲ့ သူတွေအနေနဲ့ အပြိုင်အဆိုင် လေလံဆွဲတဲ့အခါ လေလံ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ကြရန်”ဟု တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဟန်က လေလံတင်ရောင်းချရေး ကော်မတီအဖွဲ့ဝင်များ ကိုယ်စား လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လေလံတင်ရောင်းချခြင်း အခမ်းအနားတွင် ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့များမှ ပုံစံ (၈)ဝင် ကျွန်း၊ တမလန်း၊ ပိတောက်၊ အုပ်စု (၁) (သစ်လုံး/ခွဲသား)စုစုပေါင်း (၉၇၇.၄၀၇၇) တန်တို့ကို လေလံတင်ရောင်းချခဲ့ကြကြောင်းသိရ သည်။
ထန်းဖုန်(ပြန်/ဆက်)