ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပင်လည်ဘူး  ဩဂုတ်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆရာတော် သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အခြားအသင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန် က ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် (၅) မိုင်ပတ်လည် နေထိုင်သူများအတွက် ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ်ခန်းမတွင်လည်းကောင်း၊ ကားလမ်းဘေးဝဲယာရှိ ကျေးရွာအုပ်စုများအတွက် မြေလင်းအ-ထ-က၌ လည်းကောင်း၊ တောင်ပိုင်းကျေးရွာ အုပ်စုများအတွက် ခေါက်စင်းအ-ထ-က၌ လည်းကောင်း၊ မြောက်ပိုင်းကျေးရွာအုပ်စုများအတွက် မံစီလေး အ-ထ-က၌ လည်းကောင်း စုရပ် (၄) နေရာပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များကို ပထမအကြိမ်တွင် ဆေးအလုံးရေ (၁၇၅၀)တို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုဒုတိယအကြိမ်တွင် ပင်လည်ဘူးမြို့နယ်အတွက် ကာကွယ်ဆေးအလုံးရေ (၆၈၈) ရရှိထားကာ ဆေးတစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား အခက်အခဲမဖြစ်စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်သောင်း၏  လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးလွင် (ပင်လည်ဘူး)