ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ

မောင်တော  ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ဩဂုတ် ၁၃ ရက် နေ့လယ် ၁ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး အောင်နိုင်ဖြိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက အသိပညာပေးနှိုးဆော်ပေးရာတွင် ယခုအခါ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဩဂုတ် ၁၂ ရက် ညနေပိုင်းထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူများပြားလျက်ရှိပြီး သေဆုံးမှုများလည်းရှိနေဖြစ်ရာ မိဘ ပြည်သူ များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမခံရစေရေးနှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ  နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ မလိုအပ်ဘဲ နေအိမ် ပြင်ပသို့မထွက်ကြပါရန် ၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန်  လိုအပ်ကြောင်း စသည့်အချက်များပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် မြို့မနာရီစင်ခွဆုံ၊ မောင်နီရွာ၊ ဝိမလ၊ အလယ်ရွာ၊ ရွာသစ် ၊ မြို့မ ကညင်တန်းစသည့် ရပ်ကွက်များအတွင်း လိုက်လံအသိပညာပေး ကြေညာခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး