မာန်အောင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်

မာန်အောင် ဩဂုတ်  ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်​နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှယနေ့မွန်းလွဲ ၁ နာရီကပြည်သူများထံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။ 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မာန်အောင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ယခုအခါတွင် မာန်အောင်မြို့နယ်၌ကိုဗစ်-၁၉ ရာဂါပိုးတွေ့သူ နေ့စဉ်နှင့်အမျှတွေ့ရှိနေရပြီး သေဆုံးမှုများရှိနေခြင်း ကြောင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ နေအိမ် ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း  (Mask) နှင့်မျက်နှာကာ Face Shield ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာ နေထိုင်ကြရန် ၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း ၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင်ဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်းအဝတ်အစား မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ် ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊ ဆီးချို ၊သွေးတိုးရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန် ၊ Mask မတပ်သူနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင ဆောင်ရွက်ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသမှုခံယူရန် ၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှု အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူလူထုများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ရပ်ကွက်အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။

သိန်းဖေ