ကျိုက်မရော သြဂုတ် ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆေးနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရန်နှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရှိဆေးဆိုင်များနှင့် ကုန်စုံဆိုင်၊ မုန့်ဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နေ့စဉ် ရောင်းဝယ်နေမှုများကို မထိခိုက်စေရန်အတွက် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသောဆေးဆိုင်များအားကိုဗစ်- ၁၉ရောဂါကာကွယ်ရေး စည်းကမ်း ချက်များအတိုင်း စနစ်တကျတန်းစီကာ စျေးဝယ်သူတစ်ဦးနှင့်တစ်ဦးကြား ၃ ပေ စီခြား၍ ရောင်းချရန်၊ နှာခေါင်းစည်း Mask မတပ်ဆင်ထားသူကိုစျေးမရောင်းရန်၊ နှာခေါင်းစည်း Mask ပေး၍ စနစ်တကျ တပ်ဆင်ပြီးမှ ရောင်းချပေးရန်နှင့် ဆေးဝါးပစ္စည်းများကို ကိုဗစ်ကာလအတွင်း ပြည်သူများအားစျေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုကြရန်၊ ဆေးဆိုင်ရောင်းသူများအနေဖြင့် တားမြစ်ထားသည့်ဆေးဝါးများအား ဖြန့်ဖြူးရောင်းချမှုမရှိစေရန်၊ အစားအသောက်နှင့်အခြား အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းအမြတ်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ မြို့မ စျေးကြီးရှိ ဆေးဆိုင်များနှင့်စားသောက်ကုန်ပစ္စည်းဆိုင်၊ မုန့်ခြောက်ဆိုင်များ၊ မြို့ပေါ်ရပ်ကွက်ရှိ ဘိုဘိုလင်းဆေးဆိုင်၊ ကျော်ဆေးဆိုင်နှင့်ဦးတရုတ်ဆေးဆိုင်များသို့ ရှောင်တခင်စစ်ဆေး ခဲ့ကြကြောင်းသိရသည်။
အဆိုပါအိမ်သုံးဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများ လိုက်လံစစ်ဆေးသည့်အဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကီးခွီရှိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင်ဆေးများစစ်ဆေးခြင်း၊ စျေးကွက်အတွင်းမှ ဆေးပစ္စည်းများ ဝယ်ယူသိုလှောင်ခြင်း တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး