ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဘုတလင် သြဂုတ်  ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင်  မြို့နယ်ကိုဗစ် -၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်  ကိုဗစ်- ၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများသိရှိလိုက်နာနိုင်စေရန်အတွက် ယမန်​နေ့ ညနေ()နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ကာ  အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိ၏နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေကိစ္စရပ်များရှိမှသာ နေအိမ်ပြင်ပသို ထွက်ခွာကြရန်နှင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskများတပ်ဆင်ပြီးမှသာသွားလာကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask မတပ်ဆင်ထားသူများထံမှစျေးမဝယ်ကြရန်၊ မိမိတို့အချင်းချင်း အသိပေး သတိပေးကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ချမှတ်ထားသော စည်းမျည်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ သာရေး နာရေးကိစ္စရပ်များကို လူစုလူဝေးဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ကြရန်နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါကသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းများပြုလုပ်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နှင်းယုအေး(ဘုတလင်)