ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ ကိုဗစ်-၁၉ ကုသရေးဌာနတွင် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူထဲတွင် မွေးကင်းစကလေးမိခင် နှစ်ဦးပါဝင်

ကျောက်ဖြူ   ဩဂုတ်  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ၁၈ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူများထဲတွင် မွေးကင်းစကလေးမိခင်နှစ်ဦးလည်းပါဝင်ကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၁၆ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Fever  Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါ ကူးစက်ခံရသူတို့နှင့်ထိတွေ့ဆက်စပ်သူများ၊ Stay at Home  ဒေသများမှ ပြန်လည်ရောက်ရှိ လာသူများအား Quarantine Center ထားရှိပြီး  (RDT) Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ခုနှစ်ဦး တွေ့ရှိ ခဲ့သည်။ ကိုဗစ်-၁၉  ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူ ခုနှစ်ဦးအား သမားတော်နှင့် တာဝန်ကျ သူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home)အဖြစ် ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့် နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန် မှာကြားပြီး ဆေးရုံဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ စုစုပေါင်း ၄၁၆ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၉၆ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၈၃ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၃၇ ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

 

ဖြိုးဝေလင်း၊တင်ထွန်းဦး(ပြန်/ဆက်)