သရက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းဆောက်လုပ်မည့် အောက်ဆီဂျင် စက်ရုံ အဆောက်အဦနေရာအား မြေသန့်မင်္ဂလာနှင့် မန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဩဂုတ် ၁၃ ရက် နံနက် ၆ နာရီက ကျင်းပခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြခဲတော်ဆရာတော်ထံမှ တက်ရောက်လာသူများက ရှစ်ပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်သံဃာတော်များက မြေသန့်မင်္ဂလာတရားတော်များ ရွတ်ဖတ်ပူဇော် ကြသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံတွင် Oxygen Plant စက် 30Nm3/h အမျိုးအစား တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် စက်တစ်လုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတည်ပေးမှုဖြင့် စက်ရုံတည်ဆောက်မည် ဖြစ်ပြီး သရက်မြို့ပြည်သူ့ဆေးရုံကြီးရှေ့မျက်နှာစာရှိ မြေကွက်အကျယ်အဝန်း (၃၀ × ၄၀) ပေ ပေါ်တွင် စက်ရုံတည်ဆောက်နိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် အလှူရှင်များမှ ပူးပေါင်းတည်ဆောက်သွားဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း