ရခိုင်ပြည်နယ် မောင်တောမြို့၌ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်း

မောင်တော  ဇူလိုင်  ၁၃ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူမှုကူညီ စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကရုဏာ ကွန်ရက်အသင်း  ဥက္ကဋ္ဌအား  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 အမေး- မင်္ဂလာပါခင်ဗျာ၊ ဆရာအမည်နှင့် အသင်း၏ တာဝန်ယူထားရတဲ့အပိုင်းကို ပြောပြပေးပါဗျာ။

အဖြေ- ဟုတ်ကဲ့ ၊ ကျွန်တော်နာမည်ကတော့ ဦးချစ်ထူးခိုင်လို့ခေါ်ပါတယ်၊ မောင်တောမြို့နယ် ကရုဏာ ကွန်ရက် အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ကို  ထမ်းဆောင်လျက်ရှိပါတယ်။

အမေး- ယခုလို ကရုဏာကွန်ရက် အသင်းအမည်နဲ့လူမှုကူညီရေး အသင်းကို ထူထောင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေး သိပါရစေခင်ဗျာ။

အဖြေ -ဟုတ်ကဲ့၊ ကျွန်တော် အဓိကတည်ထောင်ဖြစ်ခဲ့တဲ့ရည်ရွယ်ချက်လေးကတော့  အရေးကြီး လူနာတွေကို ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ရေး၊ ဆေးဝါးကုသမှုအချိန်မီ ဆောင်ရွက်နိုင်ရေးတို့ကို အဓိကတာဝန်ယူဖြေရှင်းပေးပါတယ်၊ နောက်တစ်ချက်ကတော့  ကျေးရွာတွေမှာ ငွေကြေး အခက်အခဲရှိသူများအား ကူညီဆောင်ရွက်ပေးတဲ့ ရည်ရွယ်ချက် တွေ ပါပါ တယ်။

အမေး -  ဟုတ်ကဲ့ပါ၊ ဒီကရုဏာကွန်ရက်အသင်းကို တည်ထောင်တဲ့ခုနှစ်၊ ဦးဆောင်ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင်အရေအတွက်ကို  သိချင်ပါတယ်ခင်ဗျာ။

အဖြေ- ဟုတ်ကဲ့ပါ ၊ ကျွန်တော်တို့ ကရုဏာကွန်ရက်အသင်းကိုတော့ ၊ ၂၀၁၈ ခုနှစ်လောက်က စပြီး တည်ထောင်ခဲ့ပါတယ်၊ ဦးစီးဦးဆောင်တာကတော့ ပထမကတော့  သူငယ်ချင်းတွေနဲ့ လုပ်ကြပါတယ်၊ နောက်ပိုင်းမှ  ဒီမောင်တောမြို့ပေါ်မှာရှိတဲ့ စေတနာ့ဝန်ထမ်းကလေးတွေနဲ့ ဖွဲ့ပြီးတော့  အဖွဲ့ဝင် (၃၀)လောက်နဲ့ ဆောင်ရွက်နေပါတယ်။

အမေး- အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်းမှာ အသင်းက ကူညီပေးနေမှုများ အခြေအနေ များကိုလည်း ပြောပြပေးပါအုံးခင်ဗျာ။

အဖြေ- အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါနပ်ပတ်သက်ပြီးတော့ နှာခေါင်းစည်း Mask တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးတာတွေရှိပါတယ်၊ အခု ဆိုရင် မောင်တောမှာက ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ဖို့အတွက် ၁ နာရီနောက်ပိုင်း မထွက်ရဘူးဆိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အပိုင်းတွေရှိပါတယ်။

အမေး - ဒီအသင်းက ကူညီပေးနေတဲ့ လုပ်ငန်းတွေထဲက ကိုဗစ်-၁၉ လူနာတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ကူညီပေးနေမှုများကို သိပါရစေ။

အဖြေ- ပြည်သူ့ဆေးရုံကတော့ ကျွန်တော်တို့က ပိုးတွေ့လူနာတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ပိုးတွေ့လူနာတွေ့ကို ဆေးရုံပို့ပေးပါတယ်၊ နောက်တစ်ခုကတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း  ကျွန်တော်တို့ အဖွဲ့က ပို့ဆောင်ပေးပါတယ်၊ နောက်ဆုံးက ကိုဗစ်-၁၉ နဲ့ သေဆုံးခဲ့သူများရဲ့ နာရေးကိုလည်း ကျွန်တော်တို့အသင်းက တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးနေပါတယ်။

အမေး -ဆရာတို့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရပါသလဲ။

အဖြေ- ဟုတ်ကဲ့၊ ကျွန်တော်တို့ လူမှုကူညီရေးအသင်းအနေနဲ့ လုပ်ကိုင်ရတာကတော့ အခက်အခဲနည်းနည်း ပါးပါးတော့ရှိပါတယ်၊ အခက်အခဲတွေ့ကတော့ ပြောရမယ်ဆိုရင်  ရန်ပုံငွေ အခက်အခဲတွေ့ရှိပါတယ်၊  ကျွန်တော်တို့မှာက PPE ဝတ်စုံတွေ ဆက်စပ် ပစ္စည်းတွေ  မပြည့်စုံတော့ လုပ်ရတော့ ခက်ခဲမှုတွေရှိပါတယ်။

အမေး ပရဟိတစိတ်ဓာတ်နဲ့ ဆောင်ရွက်ရပြီး မွန်မြတ်တဲ့လုပ်ငန်းဖြစ်တာကြောင့် ပီတိ စကားကိုလည်း ကြားချင် ပါတယ်ခင်ဗျာ။

အဖြေ-  ကျွန်တော်ကတော့ အဓိက ပြည်သူတွေကို မိသားစုအရင်းသဖွယ် လုပ်ကိုင်ဆောင်ရွက်ပေး နေရတာ အလွန်ပီတိဖြစ်မိပါတယ်။

အမေး-  ဒီဆရာတို့ အဖွဲ့ရဲ့ ကိုယ်စား ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါဗျ။

အဖြေ- ကျွန်တော်တို့အဖွဲ့ရဲ့ကိုယ်စား ပြည်သူတွေကို အခုလောလောဆယ် လက်ရှိအနေနဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှာချင်ပါတယ်၊ ပြည်သူတွေအနေနဲ့ မလိုလားအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ဘဲ မိမိနေအိမ်မှာပဲ နေပေးကြ ပါလို့ အဖွဲ့ရဲ့ ကိုယ်စား တောင်းဆိုချင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဇော်ဇော်ဆန်း၊သက်လွင်စိုး(ခရိုင်ပြန်/ဆက်)

ဓာတ်ပုံ-သက်လွင်စိုး(ခရိုင်ပြန်/ဆက်)