စစ်တွေ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ Oxygen Concentrator စက် ၃၀ လုံး၊ အောက်ဆီဂျင် အိုး ၁၂၅၀ လုံး၊ Medical Regulator ၁၂၅၀ ခုပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ကျပ် ၃၂၃၂ သိန်းကျော် အကုန်ကျခံပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် BXT ကုမ္ပဏီမှငွေကျပ် ၁၀၆၆ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်စက်တစ်လုံးလှူဒါန်းလာပါကြောင်း၊ ၎င်းစက်ရောက်ရှိလာပါက အသင့်တပ်ဆင်အသုံးပြု နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ဆေးရုံကြီးတွင် ငွေကျပ်သိန်း ၃၂၀ တန်ဖိုးရှိသည့် စက်ရုံ အဆောက်အဦကို တည်ဆောက်လျက်ရှိပါကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသ နေသော ကိုဗစ်-၁၉ လူနာများအတွက် လိုအပ်သည့် အရေးပေါ်ကုသဆေး (၃) မျိုး ဝယ်ယူရန် အတွက်လည်း ကျပ်သိန်း ၃၄၁ သိန်းကျော်ထပ်မံထောက်ပံ့မည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ယခုအခမ်းအနားတွင် လှူဒါန်းငွေစုစုပေါင်းကျပ် ၃၈၉၄ သိန်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Oxygen Concentrator စက်များနှင့် Medical Regulator များကို အမြန်ဝယ်ယူရရှိနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် အနောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူးကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တက်ညီလက်ညီနှင့် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက်လည်း ကိုဗစ်ကာကွယ်ဆေးများကို ဇူလိုင်လ ၂၉ ရက်နေမှစတင်ပြီး ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေထိ လူဦးရေ ၈၆၃၇၆ ဦးကိုထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးလိုမှု မြင့်တက်လာသည်ကို တွေ့ရသည့်အတွက် ကာကွယ်ဆေးမထိုးလိုက်ရသူများအတွက် ကာကွယ်ဆေး ထပ်မံရရှိနိုင်ရန် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရန်အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည့်လွင်ထံသို့ ပြည်နယ်အတွင်းရှိ ဆေးရုံးများအတွက် အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများ၊ Medical Regulator များနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန် ထောက်ပံ့ငွေများကို ပေးအပ်ပြီး တပ်မတော်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးနှင့် Medical Regulator များကို အမှတ်(၈) စစ်မြေပြင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး နေဝင်နိုင်အားပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆောက်လုပ်နေသော အောက်ဆီဂျင်စက်ရုံအဆောက်ဦနှင့် ဆေးရုံကြီးရှိ အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေတို့ကို သွားရောက်ကြည့်ရှုကြသည်။ အဆိုပါ တည်ဆောက်လျက် ရှိသော အောက်ဆီဂျင်စက်ရုံအဆောက်အဦမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ စစ်တွေတက္ကသိုလ် အဝင်(ဂန္ဓာမာလမ်း) ကွန်ကရစ်ခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းမှာ စစ်တွေတက္ကသိုလ် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသွားလာရာတွင် အဆင်ပြေစေရန်အတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြုငွေကျပ်သန်း ၁၅၀ ဖြင့် အရှည်ပေ ၁၆၄၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၈ လက်မရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)