လေးမျက်နှာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအား ဒုတိယအကြိမ်မြောက်ပြန်လည်ထုတ်ချေး

လေးမျက်နှာ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးလက်နေပြည်သူများ၏ မိသားစုဝင် ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက်(CERP)အရ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ညောင်ပင်ဝဲကျေးရွာအား ယနေ့နံနက် ၉ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူနှင့်ဝန်ထမ်းများမှကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ အရင်းမပျောက်လည်ပတ်ရန်ပုံငွေပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။ 

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် Covid-19 Economic Relief Plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်  နိုင်စေရန်အတွက် (VRFP) စီမံကိန်း ဝင်ကျေးရွာဖြစ်သော ညောင်ပင်ဝဲကျေးရွာတွင် စိုက်ပျိူးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ(၇၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ(၃၄)ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်မည့်သူ(၃)ဦး၊ စုစုပေါင်းစီမံကိန်း အသင်းဝင်ပေါင်း(၁၀၇)ဦးအတွက် ငွေကျပ် (၃၁၂)သိန်းအား စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ဒုတိယအကြိမ်မြောက်ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)