ဇလွန် သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဇလွန်မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်း Volunteer များအား ကျန်းမာရေး ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းနှင့်ပတ်သက်သည့်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စေတနာ့ဝန်ထမ်း Volunteer များအား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့သည်။
ယင်းနောက်ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာမျိုးမင်းဇော်က စေတနာ့ဝန်ထမ်း Volunteer များအား ကိုဗစ်- ၁၉ ပိုးတွေ့လူနာသွားရောက်ခေါ်ဆောင်ခြင်း၊ သေဆုံးလူနာများသယ်ယူခြင်းများ ဆောင်ရွက်ရာတွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်နည်းလမ်းများ၊ PPE ဝတ်စုံကိုစနစ်တကျ ဝတ်ဆင်အသုံးပြုနည်းစသည့် နည်းလမ်းများအား လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ပြီး ဇလွန်မြို့နယ်ရှိ စေတနာ့ဝန်ထမ်းသင်တန်းသား (၄၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်သက်မာစိုး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)