ပွင့်ဖြူ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက် ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုများရှိနေပြီး ယနေ့နံနက် ၆ နာရီအချိန်တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၇ ပေ ခန့် ဆက်လက်ရေကျော်ကျလျက်ရှိပြီး အဆိုပါ တမံ ရေပိုလွှဲမှ ရေကျော်ကျမှုမှာ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံ အောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ် အခြေအနေသတ်မှတ်၍ အစိမ်းရောင်အလံစိုက်ထူထားရှိပြီး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ထို့အပြင် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အမြဲစောင့်ကြည့်လျက်ရှိပြီး ထူးခြားမှု အခြေအနေရှိပါက ဒေသခံပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အချိန်နဲ့ တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)