ပေါက်မြို့နယ်အတွင်းရှိ လူဦးရေ ၄၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး

 ပေါက် ဩဂုတ် ၁၁

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အဆင့်အလိုက် ဦးတည်အုပ်စုခွဲပြီး အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် စုရပ်ထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သြဂုတ်လ ၁ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာတွင် ဩဂုတ်လ ၁၀ ရက်နေ့က လူဦးရေ  (၄၁၀၀) ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကာကွယ်ဆေးထိုးမှတ် တမ်းများရေးသွင်းခြင်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်များ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ပူး ပေါင်းဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံရန် ပေါက်မြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေးအလုံးရေ (၂၀၅၀)လုံး ရရှိသဖြင့် ဆေးတစ်လုံး လျှင် လူ(၂)ဦးနှုန်း ထိုးနိုင်ပြီး လူဦးရေ (၄၁၀၀)ဦးအား အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူများအား (၂၈) ရက် အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီထံမှ သိရှိရသည်။

 ဉာဏ်တိုး