ယင်းမာပင် ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမကြီး၊ မြို့ပေါ်ရပ်ကွက်နှင့် ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ ၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ် ၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန် ၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန် ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန် ၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ရန် ၊ တစ်ခုခုကို ကိုင်တွွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန် ၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ ၊ အများ တကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမကြီး၊ မြို့ပေါ်ရပ်ကွက်နှင့် ဈေးများတွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။
ထို့နောက် ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကင်းစင်ပပျောက်သွားသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အလေးအနက်ထား ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
စိုးမိုး(ယင်းမာပင်)