ကသာမြို့ရှိ ဈေးများအတွင်း၌ Mask ၊ Face Shield များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း ဆောင်ရွက်

ကသာ ဩဂုတ်  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကသာမြို့ရှိ ဈေးများ အတွင်း၌ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား Mask(နှာခေါင်းစည်း)၊ Face Shield များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းလုပ်ငန်းကို ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်(၈)နာရီ အချိန်ခန့်က  ကသာမြို့ သီရိခေမာဈေးနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်၏ ညွှန်ကြားချက်အရ ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်နွေးနွေးသိန်း၊ ဒုတိယဦးစီးမှူးနှင့် တာဝန်ကျဝန်ထမ်းများက ဈေးများအတွင်းရှိ ဈေးရောင်းချသူများ အနေဖြင့် Mask(နှာခေါင်းစည်း)နှင့် Face Shield များကို စနစ်တကျတပ်ဆင်ပြီး ရောင်းချရန်နှင့် ဈေးဝယ်ပြည်သူများအနေဖြင့် Mask(နှာခေါင်းစည်း)များကို တပ်ဆင်ပြီး ဝယ်ယူကြရန်အတွက် Mask(နှာခေါင်းစည်း)အခု(၅၀၀)နှင့် Face Shield အခု(၂၀၀)တို့ကို ဖြန့်ဝေခဲ့ပြီး ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိနေသော ဈေးများအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်ပြည်သူများကိုလည်း အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့ပေါ်ရှိ ဈေး(၃)ခုတွင် တာဝန်ကျ ဝန်ထမ်များမှ Mask များ ပေးဝေခြင်း၊ ဈေးများအတွင်း လက်ဆေးဘေစင်များ ထားရှိခြင်း၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား Mask များ စနစ်တကျတပ်ဆင်ရန် သတိပေးခြင်း၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ရောင်းချရေးနှင့်စပ်လျဉ်း၍ လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ် ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Hand speaker ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဇူလိုင်လ(၁)ရက်နေ့မှစ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)