ဘိုကလေး ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တတိယလမ်းကြီးရှိ ဘင်္ဂါလီဂျာမေဗလီကြီးတွင် ဗလီအသင်းဝင် ပရဟိတအဖွဲ့မှ နေ့စဉ်နံနက်တိုင်း "ပြည်သူမှပြည်သူသို့" အစီအစဉ်ဖြင့် အောက်စီဂျင် လိုအပ်လျက်ရှိသည့် ပြည်သူများကို အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
ဖြန့်ဝေပေးရာတွင် တစ်ရက်လျှင် (၄၀)လီတာ အိုးကြီး (၁၀)လုံးမှ (၁၅)လုံးအထိ အောက်စီဂျင်လိုအပ်နေသည့် လူနာရှင်(၅၀)ဦးထက်မနည်းပေးဝေလျက်ရှိကြောင်းနှင့် ဘိုကလေးမြို့သာမက အခြားမြို့များမှ အရေးပေါ်အောက်စီဂျင် အကူအညီတောင်းခံလာပါကလည်း လူမျိုးမရွေး၊ ဘာသာမရွေး လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူမှ ပြည်သူသို့ အောက်စီဂျင် လှူဒါန်းခြင်းအစီအစဉ်တွင် ပါဝင်သူတစ်ဦးမှ "ကျွန်မတို့ ပရဟိတ အဖွဲ့ဟာ နေ့စဉ်နံနက်တိုင်း ဘိုကလေးမြို့ပေါ်နှင့် ကျေးရွာများမှ အောက်စီဂျင် လိုအပ်နေတဲ့ လူနာရှင်များကို အကူအညီပေး လှူဒါန်းနေပါတယ်၊ ဘိုကလေးမြို့အပြင် အခြားမြို့များကနေ အရေးပေါ်အကူအညီ တောင်းခံလာရင်လည်း လှူဒါန်းပေးနေပါတယ်၊တစ်ခါတစ်ရံ ကျွန်မတို့ဆီမှာ အောက်စီဂျင်ပြတ်လတ်သွားတဲ့အခါမျိုးနဲ့ ကြုံကြိုက်ရင်တော့ နယ်ဝေးကအကူအညီ တောင်းခံသူတွေအတွက် အလိုရှိတိုင်း မရသွားတာကို နားလည်ပေးစေချင်ပါတယ်" ဟု ပြောကြားသည်။
မိုးစက်(ဘိုကလေး)