ပူတာအိုမြို့နယ်၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်သည့် စနီခ ချောင်းကူးသံကူ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ပူတာအို ဩဂုတ် ၁၁

နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာသို့ဆက်သွယ်ထားသောလမ်းမပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့် လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှသိရသည်။

ယင်းတံတားသည် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်းရှိ ဆွမ်ပီယာန်ကျေးရွာမှ အင်စီယာန်ကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းမပေါ်တွင်ရှိသော စနီခချောင်းကူးတံတားအရှည်(၅၅)ပေ၊ တံတားအကျယ်(၁၄)ပေ၊အမြင့်(၁၂)ပေရှိသော သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ၎င်းတံတားအား နယ်စပ် ရေးရာ၀န်ကြီးဌာန၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၃၆.၅၄၂)သန်း ဖြင့်ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

စနီခချောင်းကူးသံကူကွန်ကရစ်တံတားတည်ဆောက်ပြီးစီးခဲ့မှုကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၂၁၁)အိမ်နှင့်လူဦးရေ(၁၁၉၃)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့်အဖွဲ့၀င်များသည် ပူတာအိုခရိုင်တည်ဆောက်ရေးလုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့တို့လိုက်ပါလျက် ဩဂုတ်(၁၀)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်