ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် ကိုဗစ်ကာကွယ် ရေးနည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ပလောက် ဩဂုတ်  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် မြို့ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့မှကြီးကြပ်၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယနေ့ နေ့လယ်  (၁)နာရီခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။               

ထိုသို့ဆောင်ရွက်ရာတွင်ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ကြီးကြပ်မှုဖြင့် ကျောက်လုံးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ နှင့်ရာမညဂရုဏာပရဟိတအဖွဲ့တို့ ပူးပေါင်းပါဝင်၍ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိစေရန် လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် ၊ သက်ကြီးရွယ်အိုနှင့်    နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန် ၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသော အခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာရောင်းချ သွားကြရန် ၊ မိမိနေအိမ်တွင်သာ  ဝယ်ယူစားသောက်ခြင်းပြုကြရန် ၊နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့်  မိသားစုအတွင်း ဖျားနာသူများ ရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး နည်းလမ်းများကိုလိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကိုအများပြည်သူသိရှိလိုက်နာနိုင်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 နှင်းမြူလွင် (ပလောက်ပြန်ဆက်)