ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး(၈)ဦး ထပ်မံတွေ့ရှိသည့်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖာပွန် သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်ကိုဗစ်-၁၉ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိသည့် အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ လူသွားလူလာများသည့် နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှပြန်လာတိုင်း maskများကို စနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက  နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ စျေးရောင်းသူများ အနေဖြင့်လည်း ပါဆယ်စနစ်ဖြစ်သာ ရောင်းချရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့တွင် သြဂုတ်လ(၁၀)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ကျား(၅၇)ဦး၊ မ(၄၆)ဦး စုစုပေါင်း (၁၀၃)ဦးရှိပြီး ဆေးရုံဆင်းသူ(၇၆)ဦး၊ ကုသဆဲလူနာ(၂၄)ဦး၊ သေဆုံးသူ(၁)ဦး၊ ဘားအံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသူ(၂)ဦး ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံ တာဝန်ခံထံမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)