ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာ

မောင်တော  ဩဂုတ် ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေ ၅ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ ကြေညာခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး အောင်နိုင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အသိပညာပေး နှိုးဆော်ပေးရာတွင် ယခုအခါ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဩဂုတ် ၁၀ ရက်ညနေပိုင်းထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့သူ များပြားလျက်ရှိပြီး သေဆုံးမှုများလည်းရှိနေဖြစ်ရာ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့် အညီ  နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ မလိုအပ်ဘဲနေအိမ် ပြင်ပသို့မထွက်ကြပါရန်၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်  လိုအပ်ကြောင်း စသည့် အချက်များ ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်ရန်အတွက် မောင်နီရွာ၊  မြို့မနာရီစင်ခွဆုံ၊ ဆင်ဖြူတော်ရေသန့်စက်ရုံအနီး၊ မြို့မဈေးကြီးရှေ့၊ ဆွမ်းအုပ်ခွဆုံ စသည့် နေရာများတွင် လိုက်လံ အသိပညာပေး ကြေငြာခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)