ရေဦး သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် Oxygen Plant ရန်ပုံငွေမှ ပြည်သူ့ ဆေးရုံကြီးသို့ ဒုတိအကြိမ် Oxygen Concerntractor နှင့် စက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် Oxygen Plant အတွက် လိုအပ်နေသော ထရမ်စဖော်နှင့် ဆက်စပ် ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ရေဦးမြို့ Oxygen Plant ရန်ပုံငွေမှ ပထမအကြိမ် တန်ဘိုးငွေကျပ် ၃၅၀၀၀၀၀ ရှိ Oxygen Concerntractor နှစ်လုံး၊ ယခု ဒုတိယအကြိမ် တန်ဘိုးငွေကျပ် ၆၅၇၀၀၀၀ ရှိ Oxygen Concerntractorနှင့် မီးဖြတ်စက်ပါ ငါးလုံးကို ထပ်မံလှူဒါန်းခဲ့ကြောင်း၊ ထို့ပြင်မြို့နယ် Oxygen Plant အတွက် ဆန္ဒမွန်မိသားစုမှ 160 KV ထရမ်စဖော်မာနှင့် ဆက်စပ် ပစ္စည်းများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
“ ကိုဗစ်ကာလ ကူးစက်ရောဂါများ ထိန်းချုပ်ရာမှာ ကျမတို့ ကျန်းမာရေး ဌာနအနေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက်ရှိတဲ့ ဆရာ၀န်နှစ်ဦးနဲ့အတူ ဆရာ၊ ဆရာမများက နားရက်မရှိ တာ၀န်ထမ်းဆောင်ပေး လျက်ရှိပါတယ်၊ ကျမတို့စေတနာကို နားလည်ပေးတဲ့ မင်္ဂလာ ဆရာတော်ကြီးနဲ့ မြို့နယ်သူ၊ မြို့နယ်သားများ၊ လူမှုရေးအသင်းနှင့် ဘော်လန်တီယာများ၊ Oxygen Plant ဖြစ်မြောက်ရေး ကော်မတီတို့ကို ဦးစွာ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်၊ ကျမတို့ဆေးရုံမှာ ဇွန်လကစပြီး ပိုးတွေ့လူနာ များလာတယ်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကော်မတီကလည်း မြို့၀င်မြို့ထွက် တွေမှာ နေ့စဉ်ကျန်းမာရေး စစ်ဆေးပေးတာ၊ နှာခေါင်းစည်းပေးတာ ကျန်းမာရေး အသိပညာပေး ဆော်သြတာတွေကူလုပ်တယ်၊ ထို့အတွက် ကျေးဇူးတင်တယ်၊ ဇွန်လတတိယပတ်မှာ သိသိသာသာ ပိုးကူးစက်မှုနှုန်းကမြန်လာတယ်၊ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူသူများလာတော့ ဆေးရုံမှာထားဖို့ အခက်အခဲ ဖြစ်လာတယ်၊ အဲလို၀န်နဲ့အားမမျှ ဖြစ်လာသလို လူနာတွေထားဖို့အတွက်အပြင် အခက်အခဲ တွေ့လာတာက အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင် လိုအပ်ချက်တွေ ဖြစ်လာတယ်၊ ရှိတဲ့ အောက်ဆီဂျင် အိုးလေးတွေနဲ့ မျှသုံးပေးရတယ်၊ မြို့ကလူတွေလဲ မနားရပါဘူး၊ အောက်ဆီဂျင် မပြတ်လပ်စေဖို့ မုံရွာ၊ မန်းလေး၊ ပြင်ဦးလွင်ထိတက် မနားတမ်းရှာပြီး သယ်ယူပေးကြတယ်၊ အောက်ဆီဂျင် လိုအပ်ချက်ဖြစ်လာတော့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီနဲ့ မင်္ဂလာဆရာတော်ကြီးအမှုးပြု ဆောင်ရွက်မည့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီ တာ၀န်ရှိသူများက ရန်ပုံငွေရှာကာ အောက်ဆီဂျင်စက် တည်ဆောက်ဖို့ ကြိုးပမ်းကြတယ်၊ အောက်ဆီဂျင်စက်တွက် လှူဒါန်းထားသည့် ပိုလျှံရန်ပုံငွေမှ Oxygen Plant မပြီးသေးခင် ကာလ အောက်ဆီဂျင်ရရှိရေး အလေးထားဆောင်ရွက် ပေးခဲ့ကြတယ်၊ ဆေးရုံတက် ဆေးကုသနေတဲ့ လူနာတွေအတွက်လည်း ဆေးနှင့်ဆေးပစ္စည်းတွေ လှူကြတယ်၊ ဆေးရုံအတွက် ဘာလိုလဲလိုအပ်တာ ဆရာ၀န်မကြီးပဲသိတယ်၊ အဓိကလိုအပ်တာ ပြောပါဆိုတဲ့ စကားက ကျမတို့ ကျန်းမာရေး ၀န်ထမ်းတွေအတွက် ခွန်အားဖြစ်စေ ခဲ့ပါတယ်၊ ဆေးကုသ ပေးရာမှာလည်း အဆင်ပြေလာပါတယ်၊ ပိုးတွေ့လူနာ ၃၀၀ ကျော်မှာ ဆေးရုံမှာသေဆုံးသူ ၁၁ ဦးပဲရှိပါတယ်၊ လတ်တလော ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေသူ ၅၁ ဦးပဲ ရှိပါတော့တယ်၊ တော်တော်များများ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပါတယ်၊ လာမည့် သြဂုတ် ၁၁ ရက်နေ့မှာ စာရင်းပေးထားတဲ့ သံသယလူနာတွေကို ဆက်လက်ပြီး ကျန်းမာရေးစစ်ဆေး ပေးသွားဖို့ ရှိပါတယ်ဟု “ ဆေးရုံအုပ်ကပြောသည်။
သန်းထိုက် (ရေဦး )