ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၆/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြား ရှင်းလင်းပြီး ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးရွာများအထိ လိုက်နာရန် အရေးကြီးကြောင်း၊ မြို့နယ်အလိုက် ဆေးရုံများတွက် ကုသရေးစင်တာများ တိုးချဲ့နိုင်ရေး ကုတင်လိုအပ်ချက်၊ အဆောက်အဦ လိုအပ်ချက်နှင့် အောက်စီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေး စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်ရောဂါပိုးသည် ပိုးအသစ်များ ထပ်မံဖြစ်ပေါ်နေသဖြင့် ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိလှိုင်းများ၏ အတွေ့အကြုံများအပေါ် သင်ခန်းစာယူ၍ ရေရှည်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးသစ်များ အချို့နိုင်ငံများ တွင် တွေ့ရှိလျက်ရှိနေပြီဖြစ်၍ မိမိတို့နိုင်ငံ အတွင်းသို့ ဝင်ရောက်မှု မရှိစေရေး နေရပ်ပြန် မြန်မာနိုင်ငံသားများအား အလေးထား၍ ကျန်းမာရေး စစ်ဆေးခြင်း၊ သီးသန့်စောင့်ကြည့်ရေး စခန်းများတွင် ထားရှိခြင်း တို့အား အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်ဆေးရုံများတွင် Oxygen Plant များ တပ်ဆင်နိုင်ရေး မြို့မိ/မြို့ဖများမှ ဆောင်ရွက်နေမှုအပေါ်  အလှူငွေလိုအပ်ချက်ရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် တက္ကသိုလ်ဆေးရုံ၌ အောက်စီဂျင်ပိုက်လိုင်းများ တပ်ဆင်ပေးထားပြီး ကိုဗစ်-၁၉လူနာ(၇၀)ခန့်အား ကုသပေးနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ ပဲခူးဆေးရုံကြီးအနီးရှိ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့၏ ရုံးအဆောက်အဦအဟောင်းအား ပြင်ဆင်၍ ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်များသို့ Stay at Home မြို့နယ်မှ လာရောက်သူများအား  Facility Quarantine Center ထားရှိရန် မှာကြားထားပြီးဖြစ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူများ အခြေခံစားသောက်ကုန်နှင့် အများသုံးဆေးဝါးများ ဈေးနှုန်း သက်သာလွယ်ကူစွာ ဝယ်ယူနိုင်ရေး မြို့နယ်အလိုက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ကျော်စိုးမိုးက ဒိုက်ဦးမြို့နယ်နှင့် ဖြူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် တပ်မတော်ဆေးတပ်အဖွဲ့မှ အင်အားဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရောက်ရှိမှုနှင့် ထိုးနှံပေးမှု အခြေအနေကို လည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များ၌ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် Oxygen Plant တပ်ဆင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် COVID-19 Mobile Swab Van ဖြင့် ရပ်ကွက်/ ကျေးရွာများအတွင်း ကိုဗစ်-၁၉ သံသယလူနာများနှင့် ထိစပ်ခဲ့သူများအား စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အသင်းအဖွဲ့များ ကာကွယ်ဆေးထိုးနှံပေးရာတွင် သေချာစွာစိစစ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းဇယားများ သေချာပြုစု ဆောင်ရွက်ရန်၊ ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်များတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်၊ မြို့နယ်ဆေးရုံကြီးများတွင် ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းပေးထားသော ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့များမှ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများတင်ပြပေးရန်၊ အခြေခံစားသောက်ကုန်များ၊ အများသုံးဆေးဝါးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေး ခဲ့သည်။

၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ (၂၄)နာရီအပြည့် လုံခြုံရေးထားရှိရန်၊ နိုင်ငံ့ဝန်ထမ်း အလုပ်လျှောက်ထားမည့် သူများအတွက် လိုအပ်သော Labour Card များ ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက် ပေးရန်၊  ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သော သွင်းအားစုများအား ဈေးနှုန်း သက်သာစွာ ရရှိရေး သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထက်ကမ္ဘာကျော် (Golden Dragon) မှ အလှူငွေကျပ် သိန်း(၅၀၀)၊ Mask အခုရေ(၁)သိန်းနှင့် Oxygen Concentrator (၃)လုံးတို့အား လာရောက် လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)