ကျောက်ဖြူ သြဂုတ် ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက် များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများမှာ နေ့စဉ်များပြား လာလျက်ရှိပြီး သေဆုံးသူ ၃၆ ဦးအထိရှိနေပြီဖြစ်၍ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့် လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွ နေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းလာစေရန်အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်ခြင်းများ၊ နှာခေါင်းစည်း အခမဲ့ဝေငှ ပေးခြင်းများ၊ မြို့အဝင်/အထွက်နေရာများ၌ စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ ခရီးသွား ရာဇဝင်မေးမြန်းပြီး စစ်ဆေးမှတ်တမ်းတင်ခြင်းများ၊ ဈေးများအား နေ့တစ်ဝက်သာ ဖွင့်လှစ်ရောင်းချစေခြင်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ၊ ပိုးသတ်ဆေး ဖြန်းပေးခြင်းများ အစရှိသည့် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း