ကျောက်ဖြူ သြဂုတ် ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သြဂုတ်လ(၁) ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် ဆေးထိုးရန် ကျန်ရှိနေသေးသည့်ပြည်သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်း ကျောင်းရှိ စန္ဒကူးခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ဆေးထိုးနှံရန် ရောက်ရှိလာကြသည့် ဘိုး/ဘွားများအား သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ စေတနာ့ဝန်ထမ်း Volunteer များက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး ဌာန မှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေး များကို ထိုးနှံပေးလျက်ရှိပြီး ယင်းကာကွယ်ဆေးအမျိုးအစားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ဆေးအမျိုးအစားဖြစ်သည်။ ကျောက်ဖြူမြို့နယ်အတွင်းတွင် အဆိုပါကာကွယ်ဆေးများကို အသက်၆၅ နှစ်အထက်ဘိုး/ဘွား များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြ သည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကစေတနာ့ဝန်ထမ်းများ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူများကို ဦးစား ပေးအလိုက် ထိုးနှံပေးလျက်ရှိပြီး သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၉)ရက်နေ့အထိ ပြည်သူစုစုပေါင်း ၄၃၀၉ ဦးတို့အား ထိုးနှံပေးထားပြီးဖြစ်ကာ၊ သြဂုတ်လ (၁၀)ရက်နေ့တွင်လည်း ဆေးထိုးရန်ကျန်ရှိနေ သေးသည့် သက်ကြီးအဘိုးအဘွားများ၊ မြို့ပေါ်ရပ်ကွက်များရှိဈေးများတွင်ရောင်းချနေကြသည့် ပြည်သူ များနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေသူများကို သတ်မှတ်အုပ်စုအလိုက် ဆက် လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ တင်ထွန်းဦး၊ ဖြိုးဝေလင်း