ယင်းမာပင်မြို့နယ်တွင် လူဦးရေ (၁၅၀၀) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

ယင်းမာပင် ဩဂုတ်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၁၅၀၀)ဦး ထိုးနှံပြီးစီး ကြောင်း သိရသည်။

 

ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင် လူဦးရေ(၂၀၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး   ယခုထပ်မံရောက်ရှိလာသော တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm)ဆေး အမျိုးအစား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ (၇၅၀) လုံးအား လူဦးရေ (၁၅၀၀) ဦးကို ယင်းမာပင်မြို့ပေါ်တွင် (၂) နေရာ၊ ရွှေတောင်ဦး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် (၁)နေရာ ၊ လည်ငေါက်ကျေးရွာတွင် (၁) နေရာ စုစုပေါင်း စုရပ် (၄) နေရာသတ်မှတ်၍ ထိုးနှံပေးခဲ့ရာ  ဩဂုတ်လ (၇) ရက်နေ့တွင် (၈၆၂) ဦး ၊ ဩဂုတ်လ (၈) ရက်နေ့တွင် (၂၉၂)ဦး၊ ဩဂုတ်လ(၉)ရက်နေ့တွင် (၃၄၆)ဦး၊ စုစုပေါင်း(၁၅၀၀)ဦး အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။         

               

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထပ်မံရောက်ရှိလာပါက ကျန်ရှိသော ပြည်သူ များအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်စေ ရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေး တို့အတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာအထူးကြပ်မတ်စစ်ဆေးဆောင်ရွက် လျက်ရှိပြီး  ရောဂါကူးစက်မှုလျော့နည်းစေရေး အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းလုပ်ငန်း များ ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                                                                                                 

စိုးမိုး(ယင်းမာပင်)