ဝန်းသိုမြို့နယ်တွင် လယ်မြေဧက ၅၅၀ကျော်အကျိုးပြုနိုင်မည့် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ပြီးစီး

 

ဝန်းသို ဩဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာတွင် ကုန်ထုတ်လမ်း သုံးလမ်းနှင့် ကုန်ထုတ် တံတား ခြောက်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်၍ လယ်မြေဧက ၅၅၀ ကျော် အကျိုးပြုမည့်အပြင် ကျေးရွာထုတ်ကုန်ပစ္စည်းများကို ဈေးကွက်သို့အချိန်မီ သယ်ယူ ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ ယခု ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှာ ကုန်ထုတ်လမ်း သုံးလမ်းဆောင် ရွက်ပါတယ်၊ အဲ့ဒီကုန်ထုတ်လမ်းတွေကတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့ မြိုင်ဇေယျာကျေးရွာကုန်ထုတ် လမ်း၊ ကနဖော့ကျေးရွာကုန်ထုတ်လမ်းဖြစ်ပြီးတော့ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ဆောင်ရွက်တဲ့ အောင်းကုန်း ကျေးရွာကုန်ထုတ်လမ်းဖြစ်ပါတယ်၊ အဲ့ဒါအပြင် ကုန်ထုတ်လမ်းတွေမှာပါတဲ့ ကုန်ထုတ်တံတား၊ ရေပြွန်တွေ ကိုလည်းရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ပါတယ်၊ အောင်းပင်ကျေးရွာကုန်ထုတ်လမ်းကတော့ လယ်မြေဧက ၂၀၂ဧက အကျိုးပြုပြီးတော့၊ မြိုင်ဇေယျာကျေးရွာကုန်ထုတ်လမ်းကတော့ လယ်မြေဧက ၁၀၅ ဧက အကျိုးပြုပါတယ်၊ ကနဖော့ကျေးရွာကုန်ထုတ်လမ်းကတော့ လယ်မြေဧက ၂၅၀ အကျိုးပြုပါတယ်၊ ယခင်တုန်းကဆို အဲ့ဒီလမ်းတွေက ဆိုင်ကယ်လမ်းလေးဘဲရှိတယ်၊ ဆိုင်ကယ်လမ်းနဲ့ဆို့တော့ လယ်/ယာ ထွက်ကုန်ပစ္စည်းတွေ သယ်ဖို့ရာမှာ ခက်ခဲပါတယ်၊ အခုကုန်ထုတ်လမ်းတွေ တံတားတွေဖောက် ပေးလိုက်တဲ့အတွက် ကျေးရွာပြည် သူများရဲ့ထုတ်ကုန်ပစ္စည်းတွေကို ပင်မလမ်းမကြီးတွေထိ သယ်ယူ ပို့ဆောင်နိုင်ပြီး ဈေးကွက်ကိုလျင်လျင် မြန်မြန်ရောက်ရှိနိုင်တော့မှာဖြစ်ပါတယ်”ဟု ကုန်ထုတ်လမ်းတံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေး လက်ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းနှစ် လမ်း၊ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း နှစ်လမ်းနှင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း သုံးလမ်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်