စစ်တွေ ဩဂုတ် ၁၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူ ဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးနှင့် တောင်သူလယ် သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူ ဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် အတိုးနှုန်းတစ်နှစ်လျင် ၅ ရာခိုင်နှုန်းဖြင့်ထုတ်ချေး ပေးလျက်ရှိ သည်။ ထိုသို့ထုတ်ချေးရာတွင် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ်၊ ငတောက်တက် ကျေးရွာအုပ်စုမှ တောင်သူ ၈၂ ဦးအား လယ်ဧက ၄၂၅ ဧကအတွက် ငွေကျပ် ၆၃ ဒသမ ၇၅ သန်း ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည်။
စစ်တွေခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ်မိုးရာသီးစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်၂၀၂၀ မိုးချေးငွေပြေကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီး များသို့ ဦးစွာထုတ်ချေးပေးလျက်ရှိြပီး ချေးငွေ ထုတ်ချေး ပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများကိုလည်း ချေးငွေ ပေးဆပ်မှုကိုလက်ခံ၍ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးရဲထွန်းထံမှ သိရသည်။
လက်ရှိတွင် စစ်တွေခရိုင်ဘဏ်ခွဲမှ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ တောင်သူ ၁၅၄၁ ဦးအား လယ်ဧက ၇၉၆၄ ဧကအတွက် ငွေကျပ် ၁၁၉၄ ဒသမ ၆၀ သန်းကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်းသိရသည်။
တင်ထွန်း