ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အဆင်ပြေစေရေးအတွက် နေရာ(၃)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေး

ပွင့်ဖြူ ဩဂုတ်  ၁၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အဆင်ပြေစွာ လာရောက်ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်၊ ယနေ့ နံနက်ပိုင်းက နေရာ(၃)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၉၉၂ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

မြို့နယ်အတွင်းရှိ ပြည်သူများ စိတ်အေးချမ်းစွာ ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ ပွင့်ဖြူမြို့နယ်လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်းနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က) ကျောင်းတို့တွင် ဆေးထိုးစုရပ် နေရာ(၃)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် မကွေးမြို့စစ်ဆေးရုံမှ ဗိုလ်ကြီးသက်မျိုးအောင် ဦးဆောင်သော တပ်မတော် ဆေးကုသရေးအဖွဲ့မှ လယ်ကိုင်းကျေးရွာ(အ.ထ.က) ကျောင်း ဆေးထိုးစုရပ်သို့လာရောက်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် အားဖြည့်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ 

 

ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ဆေးထိုးစုရပ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်းလည်း သိရသည်။  ကာကွယ်ဆေးလာရောက်ထိုးနှံသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အသက် (၁၈)နှစ်အထက် ပြည်သူများကို အခက်အခဲမရှိ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer အဖွဲ့များက လိုအပ်သောကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြောင်း သိရပြီး ယနေ့တွင် ဆေးထိုးစုရပ်(၃) နေရာသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၉၉၂ ဦး ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်(၁)ရက်နေ့မှ စတင်ကာ အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ၊ သံဃာတော်များနှင့် သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ၊ အခြား ပုဂ္ဂလိကမှဝန်ထမ်းများ ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများ ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊  Volunteer အဖွဲ့ဝင်များ ၊ ဈေးသည်များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း ဦးရေ ၅၀၁၄ ဦး ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့်ပြည်သူများကိုလည်း ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံက  သိရသည်။

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)