ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေစတင်ကျော်သောကြောင့် အရေးပေါ်အခြေအနေ အသိပေးနှိုးဆော်ထား

ငဖဲ  ဩဂုတ် ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင်ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေလှောင်တမံ ရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် ဩဂုတ်လ ၉ ရက်နေ့တွင် ဆည်ရေပြည့်အမှတ် (R.l 625.00) ရှိရာမှ ဩဂုတ်လ ၁၀ ရက်နေ့တွင် (R.L 625.5)သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (0.05)ပေအမြင့်အဖြစ် စတင် ရေကျော်လျက်ရှိ၍ တမံ၊ ရေထုတ်ပြွန် နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း နှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှသိရသည်။

 

ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်မှုများ ရှိနေသော်လည်း မြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့် (၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင် လည်းကောင်း၊ မန်းချောင်းဘေးရှိကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင်လည်းကောင်း အစိမ်းရောင် အလံများစိုက်ထူ၍ အသိပေးနှိုးဆော် ဆောင်ရွက် ထားရှိသည်။

 

ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံမှ နှစ်စဉ်ပင်မရေပိုလွှဲမှရေကျော်လေ့ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ မန်းတမံအထက်ပိုင်းတွင် မိုးရွာသွန်းမှုများသည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ်ဝင်ရောက်မှုကြောင့် ရေပိုလွှဲမှရေကျော် ကျခြင်း ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှု စီမံချက်အရ ပြည်သူများသိရှိနိုင်ရန် ရေပိုလွှဲမှရေစတင်ကျော်မှုကို အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထားခြင်းဖြစ်ကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုဆက်လက် မြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ မန်းတမံ အောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ်အခြေအနေ အဆင့် (၂)အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်စီးထွက်မှုမှာ Maximum High Flood Level ထက်ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အရေးပေါ် အခြေအနေ အဆင့်(၃) အနီရောင်အလံသတ်မှတ်ထားရှိကြောင်း၊ မန်းတမံအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိ၊ မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)