ငဖဲ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သတ်မှတ်စုရပ်နေရာ(၃)နေရာတွင် ဦးစားပေးအုပ်စုအလိုက်သတ်မှတ်၍ ကျန်းမာရေးဝန်ထမ်း များက ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ပြည်သူ ( ၂၆၉၇ )ဦးအားထိုးနှံပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ငဖဲမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ သာသနာ့နွယ်ဝင်ရဟန်း သံဃာတော်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ ဈေးသူ ဈေးသားများ၊ စားသောက်ဆိုင်ဝန်ထမ်းများအပြင် အသက်(၁၈)နှစ်အထက်ပြည်သူများအားဦးစားပေး အစီအစဉ် အလိုက်သတ်မှတ်စုရပ်နေရာများဖြစ်သည့် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၊ ပဒါန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ဂုတ်ကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ Volumter များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ကြပြီး မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ (၂၀၅၀ )လုံး ရရှိကာ ယနေ့ထိ အသက်(၆၅)နှစ်အထက်ဘိုးဘွား (၅၈၄)ဦးနှင့် ပြည်သူများ(၂၁၁၃)ဦး စုစုပေါင်း လူဦးရေ (၂၆၉၇)ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဆက်လက်၍ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မယု(ငဖဲ)