လေရှီး ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အား သဲများ ပိတ်ဆို့နေမှုကို ယမန်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ၊လေရှီးမြို့ပေါ်ရှိ ဒေသခံများ ပူးပေါင်း၍ သွားရောက် ရှင်းလင်းဖယ်ထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါရေအားလျှပ်စစ်သည် မိုးသည်းထန်စွာရွာသွန်းပြီး သဲများပိတ်ဆို့၍ လျှပ်စစ်မီး ပြတ်တောက်သွားသောကြောင့် အမြန်ဆုံးမီးလင်းမှုရရှိစေရေး သြဂုတ်လ ၈ ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် စတင်ရှင်းလင်းခဲ့ရာ မွန်းလွဲ (၂)နာရီ၌ ရှင်းလင်း ဖယ်ထုတ်နိုင်ခဲ့ပြီး ယင်းရေအားလျှပ်စစ်မီးသည် ပုံမှန်အတိုင်း မီးလင်းမှု ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
စံကျော်ဦး(လေရှီး)