ကံမမြို့နယ်တွင် ပြည်သူ ၄၀၉၅ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

ကံမ ဩဂုတ် ၁၀ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ပြည်သူ ၄၀၉၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကံမကျန်းမာရေးဌာန၊ ရေနံ့သာတိုက်နယ် ကျန်းမာရေးဌာနခွဲ၊ ကျောက်စောင်း ကျန်းမာရေးဌာနခွဲ၊ အင်းဘဲကျန်းမာရေးဌာနခွဲ၊ ကြို့ပင်ကျန်းမာရေးဌာနခွဲနှင့် စစ္စရံ ကျန်းမာရေး ဌာနခွဲ တို့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် အသက် ၆၅ နှစ်အထက် အဖိုးအဖွားများ၊ အခြားရောဂါအခံရှိသူများ၊ သာသနာ့ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးသမားများ၊ ဝန်ထမ်းမိသားစုများနှင့် ဈေးသည်များအား ပထမဦးစားပေးထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယခုပထမအကြိမ် ထိုးနှံပြီးသူများသည် ၂၈ ရက်ပြည့်လျှင် ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကျော်ဇေယျဝင်း(ကံမ)