လက်ပံတန်း ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့တွင် ဧရာဝတီမြစ်ရေကာတာနှင့် မြစ်မခမြစ်ရေကာတာ ကြံ့ခိုင်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လက်ပံတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များသည် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး၊ မြိုနယ်လမ်းဦးစီးဌာနမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူးတို့နှင့် အတူ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရေကာတာနှင့် မြစ်မခ မြစ်ရေကာတာကြံ့ခိုင်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြစ်ရေမြင့်တက်ခြင်းနှင့် စိုးရိမ်ရေအမှတ်တို့ကို သိရှိစေရန် ရေကင်းတာဝန်ချထားဆောင်ရွက်ရန်နှင့် အရေးပေါ်ကာကွယ်ရေးပစ္စည်းများ စုဆောင်းထားရှိပြီး တာတမံအရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက ကျေးရွာများမှ သက်ဆိုင်ရာဌာနများထံ အချိန်မှီ ဆက်သွယ်သတင်းပို့ပူးပေါင်းဆောင်ရွက်သွားရန် မှာ ကြားခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရေကာတာသည် ပျဉ်းကတိုးကုန်းကျေးရွာမှ ယွန်းသွယ်အုပ်စုအထိ ၂၃မိုင်၂ဖာလုံရှိပြီး၊ မြစ်မခမြစ်ရေကာတာသည် အောင်လံကုန်းကျေးရွာမှ တော်လသကျေးရွာအထိ ၁၃မိုင်ရှိကြောင်း သိရသည်။ ယခုလက်ရှိအချိန်တွင် ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊ တာတမံများ၏အခြေအနေသည်ကောင်းမွန်လျက်ရှိပါကြောင်း နှင့် ရေကြီးရေလျှံမှု အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသင့်စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး ဦးမင်းမင်းဇော်ထံမှ သိရသည်။
ဝင့်နန္ဒာဌေး