ဟုမ္မလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ

ဟုမ္မလင်း သြဂုတ် ၉

မြို့နယ်လုံးဆိုင်ရာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိက သာသနာ့ ဇောတိက မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၏ သြဝါဒနှင့် ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၏ လမ်းညွှန်ချက်တို့နှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဟုမ္မလင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး၊ စက်တပ်ဆင်ရေးအတွက် ခန့်မှန်းတွက်ချက်မှုအရ ငွေကျပ်သိန်း ၁၅၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး အတွက် ယခင်စုဆောင်းငွေကျပ်သိန်း (၁၀,၆၅၅,၀၀၀)နှင့် ယနေ့အထိ စေတနာရှင်များ လှူဒါန်းငွေကျပ်သိန်း (၁၆၀,၄၃၈,၅၀၀) စုစုပေါင်းလှူဒါန်းရရှိငွေကျပ်သိန်း (၁၇၁,၀၉၃,၅၀၀)ကျော်ရရှိပြီး ဖြစ်သည်။

စက်ရုံလည်ပတ်သည့်အခါ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးကြီး ၄၀ လုံး ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား၍ ဟုမ္မလင်းမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများနှင့် အခြားရောဂါဝေဒနာရှင်များအတွက် လုံလုံလောက်လောက် အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့်အဆိုပါ အောက်ဆီဂျင်စက်ရုံကို သြဂုတ်လအတွင်း အပြီးဆောက်လုပ်ကာ စက်များတပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)