ရန်ကုန် ဩဂုတ် ၁၃
မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှုကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်ရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၁)ရပ်ကွက် အောင်မေတ္တာ (၆)လမ်း၊ (၁၆)ရပ်ကွက် ဦးသင်းဖေလမ်း၊ (၄)ရပ်ကွက် အေးရိပ်မွန်လမ်းသွယ်(၂)လမ်းစသည့် ရပ်ကွက်များရှိ မြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ယမန်နေ့ နံနက် ၈ နာရီအချိန်က စ၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ကြရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာလုပ်ငန်း တာဝန်ခံအဖွဲ့ မှ စည်ပင်သာယာရေး ဝန်ထမ်းများ သည် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များကို ဆယ်ယူ ခြင်း၊ ရေစီးရေကောင်းကောင်းမွန်ရေးအတွက် ရေထွက်ပေါက်များကို ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြ သည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါများ ကင်းဝေးစေရေးတို့အတွက် ရေမြောင်းတွင်း ပိတ်ဆို့အမှိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းချဲ့ခြင်း၊ ရေမြောင်းဖုံး ပြုလုပ်ခြင်းနှင့် ရေမြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)