ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းနှင့် PPE ဝတ်စုံများထောက်ပံ့ပေးအပ်

ယင်းမာပင်    ဩဂုတ်လ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ်လ (၇) ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၁၁၅၄)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင်လူဦးရေ(၂၀၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး   ယခုထပ်မံရောက်ရှိ လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm)ဆေး အမျိုးအစား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ (၇၅၀) လုံးအား လူဦးရေ (၁၅၀၀) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ(၇) ရက်နေ့ မှ စတင်၍ ယင်းမာပင်မြို့ပေါ်တွင် (၂) နေရာ၊ ရွှေတောင်ဦး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် (၁)နေရာ ၊ လည်ငေါက်ကျေးရွာတွင် (၁) နေရာ စုစုပေါင်း စုရပ် (၄) နေရာသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ  စုစုပေါင်း(၁၁၅၄)ဦး အားကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး  ယနေ့တတိယနေ့ အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထို့နောက် ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမော်မှ သင်္ဂဟလူမှုကူညီရေးအသင်းထံသို့ PPE ဝတ်စုံ (၁၀) စုံအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးရာတွင် သက်ဆိုင်ရာစုရပ်များအလိုက် ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များက  လိုအပ်သည့် အကူအညီများ ပံ့ပိုးကူညီပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်းကို  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။       

မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေး တို့အတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာ  ရောဂါကူးစက်မှု လျော့နည်း စေရေးအသံချဲ့စက်များဖြင့် အသိပညာပေးခြင်းလုပ်ငန်း များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                                                    

စိုးမိုး(ယင်းမာပင်)