ရေဦးမြို့နယ်သူ၊ မြို့နယ်သားများစုပေါင်း၍ ဆေးရုံနှင့်လူမှုကူညီရေးအသင်းများသို့ ကျန်းမာ ရေးသုံးပစ္စည်း အခြေခံစားသောက်ကုန်များ လှူဒါန်း

ရေဦး  သြဂုတ် ၈

             စစ်ကိုင်းတိုင်းဒေသကြီး   ရွှေဘိုခရိုင်၊ ရေဦးမြို့တွင်   ယမန်နေ့ရက် နံနက်ပိုင်းက  ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။

             ထိုသို့လှူဒါန်းရာတွင်   မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွက် Flow meter နှင့်အရည်ပါ  ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ၆ လုံး၊ Dead Body Bag ၃၀ အိတ်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ပုညကုသလ၊ မြင့်မြတ်သူ လူမှုကူညီရေးအသင်းတို့အတွက် Dead Body အိတ် ၃၀ အိတ်စီကို  ထောက်ပံ့လှူဒါန်း  ပေးခဲ့​ကြသည်။

             ရေဦးမြို့နယ်သူမြို့နယ်သားများ၏ ဇူလိုင် ၈ ရက်မှ ယနေ့အထိ အောက်ဆီဂျင် ၄၈၂ လုံး၊ တန်ဘိုးငွေကျပ် ၄၇၄၀၀၀၀၀ ကျပ်၊ ဆေးနှင့်ဆေးပစ္စည်းတန်ဘိုးငွေကျပ် ၅၅၅၃၅၅၇ ကျပ်လှူဒါန်းနိုင်ခဲ့ကြောင်း၊မြို့နယ် အောက်ဆီဂျင်စက်  ဖြစ်မြောက်ရေးကော်မတီမှ  မြို့နယ်သူ မြို့နယ်သားများ၏  ကျန်းမာရေးအတွက်  လှူဒါန်းထားရှိမှုနှင့် တစ်လအတွင်း အသုံးစရိတ် စာရင်းဇယားအရ သိရသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့က  ကျန်းမာရေး၀န်ထမ်းများအတွက်  ထောက်ပံ့ပေးသည့်   အခြေခံ စားသောက်ကုန်များကို   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းနိုင်ထွန်းမှ   မြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာလေး ဖြူပြာအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရသည်။