မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိ ဆဒ္ဒန်ရေလှောင်တမံရှိရေပိုလွှဲမှရေများကျော်ကျ၍ အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံစိုက်ထူ အသိပေး

မြို့သစ် သြဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ စွန်ဆည် ဘုတ်ချောင်း ဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းကစတင်၍ ရေပိုလွှဲမှရေများ ကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနက သိရသည်။

အဆိုပါ ဆဒ္ဒန်ဆည်တမံ၏တမံအမြင့်မှာ (၁၃၁)ပေ၊ ရေပြည့်အမှတ်(၅၆၀.၅)ပေ၊ လက်ရှိရေ မှတ်(၅၆၀.၇) ပေဖြစ်နေကာလက်ရှိရေပိုလွှဲမှရေကျော်အမြင့်(သုညဒသမ နှစ်ပေခန့်)ဖြစ်နေလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည် တည်ရှိရာ အထက်ပိုင်းတွင် မိုးရွာသွန်းမှုများသည့်အတွက် ဆည်များအတွင်း မိုးရေများအဆက်မပြတ် ဝင်ရောက်မှုကြောင့် ရေပိုလွှဲမှရေကျော်ကျခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံကသိရသည်။

အဆိုပါ ဆဒ္ဒန်ဆည်သို့ သွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင် ရေလှောင်တမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်သော အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန် ၍(၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ ဆည်အောက်ပိုင်းအနီး ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှုးရုံး များတွင် အရေးပေါ် အခြေအနေ အဆင့်(၁)အဖြစ်အစိမ်းရောင် အလံစိုက်ထူ၍အသိပေးထားကြောင်းမြို့နယ် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကသိရသည်။

ကိုဇော်(မြို့သစ်)