ပဲခူး သြဂုတ် ၈
ပဲခူးမြို့ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမတွင် ယနေ့နံနက် ၉နာရီခွဲက အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်မှ ကိုဗစ်-၁၉ကာလအတွင်း ပဲခူးမြို့နယ် ကျန်းမာရေး ဝန်ထမ်း များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့် Volunteer များအား ဆန်နှင့်ကုလားပဲထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးကိုယ်စား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသွား အလာ ကန့်သတ်ထားမှုများနှင့် လူနေထူထပ်မှုကို လျော့ချနိုင်ရေးအတွက် ဌာနဆိုင်ရာရုံး လုပ်ငန်း အချို့နှင့် လုပ်ငန်းခွင် အချို့အား ခေတ္တရပ်ဆိုင်းထားချိန်တွင် မိသားစုဝင်များ စားသောက် နေထိုင်မှု အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် တပ်မမှူး၏ လမ်းညွှန်ချက်နှင့်အညီ ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိ၊ သတိများထားပြီး ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ သတိပေးချက်များ အတိုင်း လိုက်နာ ဆောင်ရွက်နေထိုင်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဆန်းညွန့်လှိုင်က အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ ထောက်ပံ့သော ဆန်အိတ်(၈၀)အိတ်နှင့် ကုလားပဲ(၁၂)အိတ်တို့အား ပဲခူးမြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteerများမှ စုစုပေါင်းအိမ်ထောင်စု(၆၄၀)အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ကုလားပဲ(၅၀)သားနှုန်းဖြင့် သက်ဆိုင်ရာကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)