ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အား ဦးစားပေးအုပ်စုများတွင်ပါဝင်သည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး

ရသေ့တောင်  သြဂုတ် ၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ် အိုများနှင့် ဦးစားပေး အုပ်စုများတွင်ပါဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို သြဂုတ် ၈ ရက်နေ့တွင်  ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်စုရပ်များဖြစ်သည့် မြို့မ စုရပ်၊ ‌စေတီပြင်စုရပ်၊ ကူတောင်စုရပ်၊ လောင်းချောင်းစုရပ်နှင့် ဘာထလေစုရပ် များတွင် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ရဟန်းသံဃာ‌တော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊  ဈေးဆိုင်သည်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ မော်တော်ယာဉ်သမားများ၊ သုံးဘီးဆိုင်ကယ်သမားများ၊ ကူတိုး လှေသမားများ စသည့် ဦးစားပေးအုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ရသေ့တောင်မြို့နယ်တွင် သြဂုတ် ၆ ရက်နေ့ထိ စုစုပေါင်း (၂၅၅၅) ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)ကို သြဂုတ် ၁ ရက်နေ့မှစတင်ကာ သတ်မှတ်စုရပ်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကြက်ကြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပြင် အခြားလိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက် ထိုးနှံရာတွင်လည်း စာရင်းများ မှန်ကန် မြန်ဆန်စေရေးအတွက် နိုင်ငံသား မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်တို့ကို စီစစ်ပြီး ကာကွယ် ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း