ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအကြိမ် တတိယနေ့အဖြစ် အပြီးသတ် ဆက်လက်ထိုးနှံပေး

ရွှေသောင်ယံ သြဂုတ် ၈

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က စာသင်ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီက ပထမအကြိမ် တတိယနေ့အဖြစ် အပြီးသတ်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေသောင်ယံမြို့ပေါ် ရပ်ကွက် (၃)ခုနှင့် သပေါ့ကန်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စုတို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ(၂၅၀)ရရှိခဲ့ပြီး ဇူလိုင်လ(၃၁)ရက်နေ့က ပထမအကြိမ်၊ သြဂုတ်လ(၄)ရက်နေ့က ဒုတိယအကြိမ်၊ ယနေ့တွင် တတိယ အကြိမ်အဖြစ် လူဦးရေ(၅၀၀)အား အပြီးသတ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ရဟန်း သံဃာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများကို စီစစ်ရွေးချယ် ထိုးနှံပေးခဲ့ရာ ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။