ချောင်းသာ သြဂုတ် ၈
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍ နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel ၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အထက စာသင်ကျောင်း အတွင်းတွင် ထိုးနှံ ပေးခြင်းဖြစ်ပြီး ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းလုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန ၊မြို့ကျန်းမာရေးဌာန၊ စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လဝက၊ ပြန်/ဆက်နှင့် ကမ်းခြေ စည်းကမ်းထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသည့် ဌာနဆိုင်ရာများနှင့် ပရဟိတ ကူညီဆောင်ရွက်ပေးကြသော အများအကျိုးဆောင် လူငယ်လေးများကို ကိုမျိုးဇော် ကုန်စုံ ဆိုင်မိသားစုမှ နေ့လယ်စာအဖြစ် ခေါက်ဆွဲကြော် ဗူး ၄၀ နှင့် အအေးဗူး ၄၀ တို့အား ပါဝင်လှူဒါန်း ကူညီခဲ့ပါသည်။
ချောင်းသာ (ပြန်/ဆက်)