ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး

ယင်းမာပင်  ဩဂုတ်လ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၈၆၂)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင် လူဦးရေ(၂၀၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး   ယခုထပ်မံရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm)ဆေး အမျိုးအစား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ (၇၅၀) လုံးအား လူဦးရေ (၁၅၀၀) ဦးကို  ယမန်နေ့ မှ စတင်၍ ယင်းမာပင်မြို့ပေါ်တွင် (၂) နေရာ၊ ရွှေတောင်ဦးဘုန်းကြီးကျောင်းဓမ္မာရုံတွင် (၁)နေရာ ၊ လည်ငေါက်ကျေးရွာတွင် (၁) နေရာ စုစုပေါင်း စုရပ် (၄) နေရာသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ  ကာကွယ်ဆေးထိုးနှံပေးပြီးသူဦးရေ (၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွား (၈၉)ဦး၊ အစိုးရပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁) ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၀)ဦး၊ သံဃာတော်နှင့်သီလရှင် ဆရာတော်များ(၃၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၅၇)ဦး ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၂၂၃)ဦး ၊တည်းခိုခန်း ဝန်ထမ်း(၁၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း(၂)ဦး ၊ ဈေးသူဈေးသား(၄၃၀)ဦး ၊ စုစုပေါင်း(၈၆၂)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး  ယနေ့ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။ 

        

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးရာတွင် သက်ဆိုင်ရာ စုရပ်များအလိုက် ယင်းမာပင်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးကူညီ ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်းကို  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စိုးမိုး(ယင်းမာပင်)