ကျောက်မဲမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိ

 

ကျောက်မဲ ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ကိုဗစ်- ၁၉ သံသယလူနာများ ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သူနှင့် ထိတွေ့ဆက်စပ်သူများကို  တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ တိုင်း တစ်ပါတ်လျှင် ၃ ရက်နှုန်း ရုံးချိန်အတွင်း ပုံမှန်စစ်ဆေးပေးလျှက်ရှိကြောင်း၊  အရေးပေါ် လူနာ များဖြစ်ပါက ပြည်သူ့ဆေးရုံမှ အချိန်ပြည့် စစ်ဆေးကုသစောင့်ရှောက်ပေးလျှက်ရှိကြောင်း၊  ပြည်သူများအနေဖြင့် နေမကောင်းဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာမရခြင်း၊ မိမိကိုယ်ကို သံသယဖြစ်လျှင် ဆေးရုံအရေးပေါ်ဌာနသို့အချိန်မရွေး ဆက်သွယ်၍  စစ်ဆေးမှု ၊ ကုသမှု ခံယူနိုင်ကြောင်း  ကျောက်မဲခရိုင် ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်း၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကိုကြပ်မတ်ကုသရန်အတွက် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံအတွင်း၌ အဆောင် ၄ ဆောင်နှင့် အမှတ် ၁ ရပ်ကွက်ရှိ မိုးလုံလေလုံ ခန်းမတို့တွင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ပြည်သူများဆက်သွယ်မေးမြန်းနိုင်ရန် ကိုဗစ်-၁၉ Call Center  ၂ ခုကိုလည်း ကျောက်မဲခရိုင်ပြည်သူဆေးရုံနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး တို့တွင် ဖွင့်လှစ်ထားရှိ ပေးလျက်ရှိပြီးအဆိုပါ Call Center ၏ဖုန်းနံပါတ်များနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် ပရဟိတ အသင်းအဖွဲ့များနှင့် ဖုန်းနံပါတ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Kyaukme  Facebook page တွင် လွှင့်တင်ထားပေးကြောင်း သိရသည်။

မိုင်းထွန်း