ကော့ကရိတ်မြို့နယ်ရှိ စုရပ်(၅)နေရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ(၂၆၅၀)ကို အသုံးပြုပြီး ဆေးမထိုးရသေးသည့် လူဦးရေ (၅၃၀၀)ဦးအား ထိုးနှံပြီးစီး

ကော့ကရိတ် သြဂုတ် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၅)နေရာ၌ ဇူလိုင် ၃၁ ရက်နေ့မှစ၍ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ (၂၆၅၀)ကို အသုံးပြုပြီး ကော့ကရိတ် မြို့နယ်အတွင်း ဆေးမထိုးရသေးသည့် ဆရာတော်၊ သံဃာတော်များ၊ ဘာသာရေး ကျောင်းများ၊ အသက်(၆၅)နှစ် အထက် အသက်အရွယ်ကြီးရင့်သူများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ပြည်သူများ စုစုပေါင်း (၅၃၀၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို​သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်များဖြစ်သည့် အမှတ်(၆)ရပ်ကွက်ရှိ ဇိနသုခဓမ္မာရုံ၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၊ ကျုံဒိုးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အထက(နဘူး)ကျောင်း၊ ကော့ဘိန်းတိုက်နယ်ဆေးရုံနှင့် ကော့ဂိုးဓမ္မာရုံတို့၌  မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဇူလိုင် ၃၁ ရက်နေ့စ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ကာကွယ်မထိုးရသေးသည့် ဆရာတော်၊ သံဃာတော်၊ သီလရှင်၊ ဘာသာရေးအသင်းများ (၃၃၀)ပါး၊ အသက်(၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ (၈၈၄)ဦး၊ ပရဟိတအဖွဲ့ဝင်များ (၂၀၇)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၄)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၆၇၇)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၇)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း(၁၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း(၁၁၀)ဦးနှင့် ပြည်သူ(၃၀၆၆)ဦး စုစုပေါင်း (၅၃၀၀)ဦး တို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် စုရပ်(၅)နေရာ၌ ဆေးထိုးရန် ကျန်ရှိနေသေးသည့် သူများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)