ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဒက္ခိဏသီရိ  ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်မြထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ(၂)ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ (၂၁၀)ဦးအား စနစ်တကျထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးသည့် အပြင် ဆေးထိုးနှံပြီး သူများကိုလည်း ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက နားနေခန်းများသို့ နာရီဝက် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူနေစဉ်အချိန် အတွင်း ရုတ်တရက်ကျန်းမာရေး ချို့ယွင်းလာပါကလည်း လိုအပ်သည်များ ကုသပေးနိုင်ရန် အဆင်သင့်ဆောင်ရွက်ပေးခြင်း၊ အနားယူပြီးချိန်တွင်လည်း စနစ်တကျပြန်နိုင်စေရန်အထွက် လမ်းများကိုဆောင်ရွက်ပေးထားခြင်းနှင့် ဆေးလာ ရောက်ထိုးနှံသူများ ကျန်းမာရေးအတွက် သာမက လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)