လက်ပံတန်း ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်၉နာရီက စတင်၍ မြို့နယ် ၂လမ်းခန်းမ၊ ရေငန်ကျေးရွာ၊ ရေကန်ကျေးရွာနှင့် မိုးအိုင်ကျေးရွာ ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရဟန်းသံဃာများပါ လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်များ၌ သာသနာ့ ဝန်ထမ်းများ၊ အသက်(၆၅) နှစ်အထက် ဒေသခံပြည်သူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ တို့အား ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
လက်ပံတန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ ထိုးနှံပေးခဲ့ရာ သြဂုတ်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၂၁၆၃)ဦးရှိပြီးဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး