ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့ သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းကို ယမန်နေ့ က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ်(၉၅၀) တောင်သူ ဦးအေးမြတ်မင်း၏ မိုးစပါးစိုက် လယ်မြေ(၃)ဧကတွင် ကောက်စိုက်စက်ဖြင့် ဧရာပဒေသာမျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တောင်သူသီးနှံ ဝင်ငွေ တိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ဒေသခံ တောင်သူများ လုပ်သားရှားပါးမှု ကြောင့် တွေ့ကြုံရသည့်အခက်အခဲများ ပြေလျော့သက်သာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် စက်မှုလယ်ယာစနစ်၏ အကျိုးကျေးဇူးများကို တောင်သူများ သိရှိလိုက် နာဆောင်ရွက် နိုင်ရေးအတွက် တောင်သူပညာပေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့အပြင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ အသုံးပြုလိုသူများကိုလည်း သက်ဆိုင်ရာ လယ်ယာစက်ကိရိယာ ရောင်းဝယ် ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း ၊ လယ်ယာသုံး စက်ကိရိယာများ ချို့ယွင်းပျက်စီးပါက ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ မိုးစပါးစိုက်ပျိုးရာသီမှာ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေဖို့နဲ့ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့ သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။ မနေ့ကဆိုရင် ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ ကွင်းအမှတ်(၉၅၀) တောင်သူ ဦးအေးမြတ်မင်း ၏ မိုးစပါးစိုက်လယ်မြေ(၃)ဧက ကို ကောက်စိုက်စက်ဖြင့် ဧရာပဒေသာ မျိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဩဂုတ် ၁၀ ရက်နေ့တုန်းကလဲ ပွင့်ဖြူမြို့နယ် Mone Thida Seed Production Col.td ၏ စိုက်ကွင်းအတွင်းရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် စပါးမျိုးစေ့ ထုတ်စိုက်ကွင်းမှာ ဧရာပဒေသာမျုိးစပါး (၈)ဧက စိုက်ပျိုးပေးခဲ့ပါတယ်။ ဒီလိုမျိုး ဆောင်ရွက် ပေးရ တဲ့ရည်ရွယ်ချက်ကတော့ ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် လုပ်အားခ ကုန်ကျစရိတ် သက်သာစေခြင်း ၊ မျိုးစေ့ကုန်ကျမှု နည်းပါးစေခြင်း ၊ လုပ်သားရှားပါးမှုပြဿနာများ ဖြေလျော့ ပေးနိုင်ခြင်း ၊ လုပ်ငန်း တွင်ကျယ်၍ စိုက်နည်းစနစ်မှန်ကန်စေခြင်း ၊ သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း ၊ ပျိုးထောင် ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း ၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်း ၊ ပျိုးပင်များ နှုတ်ယူရန် မလိုအပ်ခြင်း ၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း ၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန် မလိုအပ်ခြင်း ၊ လေဝင်လေထွက် ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း ၊ ပေါင်းရှင်းကိရိယာအသုံးပြု၍ ပေါင်းရှင်းသမန်နိုး ဆောင်ရွက်နိုင်ခြင်း ၊ ပင်ပွားနှုန်းကောင်းပြီး အရည်အသွေးမှီသော သီးနှံအထွက်နှုန်းတိုးတက်ရရှိခြင်း ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် လွယ်ကူစွာ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို တောင်သူများ သိရှိလိုက်နာနိုင်ရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့ အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )